အစာစားချင်စိတ်နဲ့ ဆိုင်သောဟော်မုန်းများ
ဘာမြင်မြင် စားချင်သောက်ချင်နေတဲ့ အချိန်တွေ ရှိတတ်သလို ဘာပဲမြင်မြင် မစားချင်မသောက်ချင်တဲ့ အချိန်တွေလည်း ရှိကြတယ် မဟုတ်လား။ အစာစားတာနဲ့ ပတ်သက်ရင် ဆာလောင်နေလား၊ ဗိုက်ဝပြီလား ဆိုတာကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ရှိပါတယ်။ ဟော်မုန်းတွေဟာ ဦးနှောက်နဲ့ ဆက်သွယ်အလုပ်လုပ်ပြီး အစာစားရဦးမလား၊ ရပ်သင့်ပြီလား ဆိုတာကို ထိန်းချုပ်ပေးပါတယ်။
Ghrelin ဟော်မုန်း
ဆာလောင်ခြင်းဟော်မုန်းလို့လည်း ခေါ်လို့ရတဲ့ Ghrelin ကို အစာအိမ်ကနေ ထုတ်လွှတ်လိုက်ပြီး သွေးကြောတစ်လျှောက်ကနေ ဦးနှောက်က Hypothalmus ကို ခန္ဓာကိုယ်က စွမ်းအင်အတွက် အစာတွေ လိုနေပြီ၊ ဆာလောင်နေပြီဆိုတာကို အချက်ပြပေးပါတယ်။
အစာအိမ်က ဟောင်းလောင်းဖြစ်နေတဲ့အခါ Ghrelin ကို ထုတ်ပေးတတ်တာမို့ အစာမစားခင် အချိန်မှာ Ghrelin Level အမြင့်ဆုံး ဖြစ်နေတတ်ပြီး အစာစားပြီးစနဲ့ ၃ နာရီလောက်ကြာသည်အထိ Ghrelin တွေ နည်းနေတတ်ပါတယ်။ Ghrelin ဟော်မုန်း များများထွက်တဲ့ သူတွေဟာ ဗိုက်ခဏခဏ ဆာတတ်ပါတယ်။ အဝလွန်သူတွေမှာ Ghrelin ဟော်မုန်းက အစာစားပြီးချိန် ခဏပဲနည်းနေတတ်ပြီး ကျန်တဲ့အချိန်တွေမှာ များနေတာမို့ တစ်ချိန်လုံး စားချင်သောက်ချင်စိတ်တွေ ပေါ်နေတာပါ။
Leptin ဟော်မုန်း
Leptin ဟော်မုန်းကတော့ Ghrelin နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ Leptin ဟော်မုန်းကို အဆီဆဲလ်တွေက ထုတ်ပေးပြီး သွေးကြောကတဆင့် ဦးနှောက်ရဲ့ Hypothalmus ကို အစာစားချင်စိတ် မရှိတော့ကြောင်း၊ ခန္ဓာကိုယ်အတွက် အာဟာရတွေ လုံလောက်ပြီမို့ အစာတွေကနေ စွမ်းအင်တွေ စတင်ချက်လုပ်တော့မယ့် အကြောင်း အချက်ပြပေးပါတယ်။
ခန္ဓာကိုယ်က ဝလာတဲ့အခါ Leptin တွေကို ပိုမို ထုတ်ပေးတတ်ပါတယ်။ Leptin တွေ များနေတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းတွေ ပိုမိုကောင်းမွန်တာ၊ စိတ်ခံစားမှု ကောင်းတာ၊ မှတ်ဥာဏ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းတွေ ကောင်းမွန်မှာ ဖြစ်ပြီး Leptin နည်းနေရင် လေးလံထိုင်းမှိုင်းပြီး အဝလွန်လာပါလိမ့်မယ်။
အဝမလွန်အောင် ဘာလုပ်သင့်သလဲ?
- အသား၊ ငါး၊ တိုဖူးစတဲ့ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ ဆန်လုံးညိုလို အာဟာရပြည့်တဲ့ အစေ့အဆန်တွေက Ghrelin နည်းစေပြီး ဆာလောင်စိတ် မဖြစ်အောင် ကူညီပေးပါတယ်။
- သကြားနဲ့ အချိုတွေက အစာစားပြီးချိန်မှာ Ghrelin Level ကျတဲ့အချိန် နည်းစေတဲ့အတွက် ရှောင်သင့်ပါတယ်။
- တစ်နေ့ကို ၈ နာရီထက်နည်းပြီး အိပ်တဲ့သူတွေမှာ Ghrelin များနေတတ်လို့ ဆာလောင်ခြင်းကို ထိန်းချုပ်ဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ဖို့ကလည်း အရေးကြီးပါတယ်။
- ရေများများသောက်တာ၊ စွပ်ပြုတ်ရည်နဲ့ အရိုးပြုတ်ရည်တွေ သောက်တာက အစာအိမ်ကို မြန်မြန်ပြည့်စေပြီး Ghrelin နည်းစေကာ Leptin တွေ ထွက်စေပါတယ်။
အစာစားချင်စိတ် မရှိတာဟာ ပုံမှန်မဟုတ်သလို အစားတွေ တစွတ်စွတ် စားနေတတ်တာကလည်း ပုံမှန်မဟုတ်ပါဘူး။ အကယ်၍ အစာစားချင်စိတ်နဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်ဘူးလို့ မိမိကိုယ်ကို သံသယရှိရင် ဟော်မုန်းအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူလို့ရပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်